by Hnoung Eain Thin and Amber French-GrietteJune 01, 2022
This article is also available in English (here).
မေလ၂၂,၂၀၂၂
အယ်ဒီတာ၏မှတ်ချက်။ ။ အောက်တွင်ဖော်ပြထားသောအကြောင်းအရာများသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပြီးနောက် ဆန့်ကျင်သည့်ဆန္ဒပြပွဲများကို ရက်စက်စွာဖြိုခွင်းခဲ့ပြီးသည့်နောက် မြန်မာပြည်မှာထွက်ပြေးလွတ်မြောက်လာသော ဒီမိုကရေစီလိုလားသူ ဆန္ဒပြခေါင်းဆောင်သည် ICNCနှင့်အတူ မျှဝေထားသော ကိုယ်ရေးကိုယ်တာ ဇာတ်ကြောင်းတစ်ခုဖြစ်ပါသည်။ ထိုဆန္ဒပြခေါင်းဆောင်၏မှတ်တမ်းသည် တပ်မတော်၏ လက်၀ယ်တွင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်နှင့် ရက်စက်ကြမ်းကြုတ်မှုများ ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီရရှိရေးတိုက်ပွဲများ၏တပ်ဦးမှဆင်းသက်လာခဲ့ခြင်းဖြစ်ပါသည်။
နှစ်ပေါင်း(၅၀)ကြာ စစ်အုပ်ချုပ်ရေး အပြီးသတ်ချုပ်ငြိမ်းရေး အတွက် အဓိက အောင်မြင်မှုဟုယူဆရသော ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဏာရလာခဲ့ပါသည်။ ၂၀၂၀တွင် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်ရွေးကောက်ခံရပြီးသည့်နောက် တပ်မတော်မှအာဏာသိမ်းခဲ့ပါသည်။ထို့နောက်တွင် ဒီမိုကရေစီစနစ်ကိုခုခံကာကွယ်ရန် ထောင်နှင့်ချီသော ဆန္ဒပြသူများ အုံကြွလာခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ အဆက်အသွယ်သည် ဖိနှိပ်ချုပ်ချယ်မှုနှင့်ပက်သတ်၍၎င်း၏ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများကိုမျှဝေပေးသည်သာမက ခံနိုင်ရည်ရှိမှု နှင့် စည်းလုံးညီညွှတ်မှုဆိုင်ရာ သတင်းစကားတစ်ခုအနေဖြင့်လဲ ကမ္ဘာတစ်ဝှမ်းရှိကြမ်းတမ်းသောအာဏာရှင်စနစ်များအောက်တွင်နေထိုင်နေကြသည့် တက်ကြွလှုပ်ရှားသူများနှင့်အတူ ပဲ့တင်ထပ်နေပါတော့သည်။
မြန်မာနိုင်ငံရှိ တောင်ငူနည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် အနုပညာအသင်းကို တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ကျောင်းသားရေးရာ အသိပညာများ ဖြန့်ဝေပေးသည့် လစဉ်သတင်းလွှာကို ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင် တောင်ငူတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ ကျေးလက်ပညာရေး မြှင့်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ပံ့ပိုးကူညီရန်၊ ကျေးလက်ဒေသများတွင် စာကြည့်တိုက်များ တည်ထောင်ခြင်း၊ စာအုပ်များ လှူဒါန်းခြင်းနှင့် လိုအပ်ချက်များရှိသည့် ကျောင်းများ ပြုစုစောင့်ရှောက်ရေးတို့အတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၊ တောင်ငူခရိုင်တွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ၊ ဖေဖော်ဝါရီလ/မတ်လ ၂၀၂၁။ Credit: စာရေးသူ။
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အကြမ်းဖက်ဖြစ်ပွားမှုတွေကြောင့် စစ်ဘေး သင့်ပြည်သူတွေနဲ့ နေရပ်စွန့်ခွာရသူတွေ၊ ရေဘေးသင့်ပြည့်သူတွေအတွက် အလှူငွေ ကောက်ခံခဲ့ပါတယ်။ ရက်စက်စွာ ဖိနှိပ်ခံခဲ့ရသော ၁၉၈၈ ခုနှစ် လူထုအုံကြွမှု (အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ) နှင့် ဇူလိုင်လ (၇) ရက်နေ့ လူထုအုံကြွမှု (၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော) အထိမ်းအမှတ် အခမ်းအနားပေါင်းများစွာကိုလည်း ကျွန်တော်တို့ စီစဉ်ကျင်းပခဲ့ပါသည်။
ဘွဲ့ရပြီးနောက် တောင်ငူခရိုင်ရှိ ပုဂ္ဂလိကကျောင်းများတွင် အချိန်ပိုင်း ကထိကအဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပေါ်လွင်အောင် ကဗျာနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ကျွန်တော် အင်ဂျင်နီယာဘွဲ့ ရခဲ့ပေမယ့် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ဝါသနာက အနုပညာပါ။ အနုပညာသမားဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော့်အတွက်ကတော့ အကြမ်းမဖက်တဲ့ စည်းကမ်းနဲ့ တော်လှန်ရေးမှာ အကြမ်းမဖက်ခြင်းဆိုင်ရာ အတွေးအခေါ်ကို လက်ကိုင်ထား၍တော်လှန်ခြင်းလို့ ဆိုလိုပါသည်။
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံမှ လူ့အခွင့်အရေး ကပ်ဆိုးကြီးကို မီးမောင်းထိုးပြခဲ့သည်။ အခြားကျောင်းသား သမဂ္ဂခေါင်းဆောင် သုံးဦးနှင့်အတူ တောင်ငူမြို့အနှံ့ မော်တော်ဆိုင်ကယ်စီး၍ ဆန္ဒပြကြရန် ချက်ခြင်း ဆုံးဖြတ်ခဲ့ကြသည်။ လက်သုံးချောင်းထောင်၍ အလေးပြုကြပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မော်တော်ဆိုင်ကယ်ဆန္ဒပြပွဲများမှ လမ်းလျှောက်ချီတက်၍ အာဏာဖီဆန်သောဆန္ဒပြပွဲအသွင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းနှင့် တက္ကသိုလ်များကဲ့သို့သော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်သင်ကြသည့်ကျောင်းပေါင်းစုံမှ သိန်းနှင့်ချီသောလူများစွာသည် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ညအချိန်၌ သံပုံများ ပန်းကန်အိုးခွက်များကိုတီးခတ်သည့် ဆန္ဒပြပွဲအား ညှိနှိုင်းရန်အတွက် ကိုယ်တိုင်ဒီဇိုင်းထုတ်ရေးသားထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ ပရော်ဖက်ရှင်နယ်နောက်ခံရှိသောနယ်ပယ် အမျိုးမျိုးကို ကိုယ်စားပြုတဲ့ မတူညီတဲ့ခေါင်းဆောင်တွေနဲ့ ဆန္ဒပြပွဲအတွက် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်လာမည့် အကြမ်းမဖက်လှုပ်ရှားမှုအသေးစိတ်အနေဖြင့် (ချီတက်ပွဲဖြစ်ခဲ့လျှင် အချိန်နှင့်စုရပ်နေရာသတ်မှတ်သည့် ) ကော်မတီအစည်းအဝေးများကို ညတိုင်းကျင်းပပါသည်။ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုမှာ ဆန္ဒပြသူတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်း ဆေးအဖွဲ့တွေလည်း ဖွဲ့စည်းထားခဲ့ပါသည်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က တောင်ငူမြို့ နံပါတ် (၁) လမ်းနဲ့ နံပါတ် (၆)လမ်းတို့တွင် ပြုလုပ်ခဲ့သည့် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကို တပ်မတော်နဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ခဲယမ်းမီးကျောက်တွေသုံးပြီး ရက်စက်စွာ ဖိနှိပ်ခဲ့ပါတယ်။ ကျွန်တော်အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာဟာ အနီးနားက မြစ်ကိုဖြတ်ပြီး စစ်တပ်ကပြန်လည် မထွက်ခွာခင်အထိ တောအုပ်ထဲမှာ ပုန်းနေခဲ့ရပါတယ်။ ဒီလိုအကြပ်အတည်းကြားထဲမှာ တစ်ညလုံးနေဖို့ နေရာအမျိုးမျိုးမှာ ပုန်းနေခဲ့ရပါသည်။ ကျွန်တော်မရှိသည့်အချိန်တွင် ကျွန်တော့်အိမ်ကို စစ်တပ်နဲ့ ရဲတွေက ငါးကြိမ်တိုင်တိုင် ဝင်ရောက်စီးနင်းခဲ့ပြီး အချိန်အတော်ကြာ စောင့်ကြည့်နေတယ်လို့ ရင်းနှီးတဲ့သူငယ်ချင်းတွေက ပြောပြပါသည်။

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တုံ့ပြန်ဖို့ မြန်မာရဲတွေ တန်းစီနေသည့်ဓာတ်ပုံ။

Credit: Meechit Zaw Winchit.
မတ်လ ဆန္ဒပြပွဲအပြီးတွင် ကျွန်တော် ၏ လုပ်ဖော်ကိုင်ဖက် တက်ကြွလှုပ်ရှားသူ တစ်ဦးကို ဖမ်းဆီးလိုက်သောအခါ၊ စစ်ကြောရေးတွင်စစ်ကြောသူများက ကျွန်တော် နှင့် မကြာသေးမီက ဆက်သွယ်မှု ရှိ၊ မရှိ မေးမြန်းခဲ့သည်။ သူတို့က ကျွန်တော့်ဓာတ်ပုံကို ပြပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲရဲ့ ခေါင်းဆောင်အဖြစ်ကျွန်တော့်နာမည်နှင့်သတ်မှတ်ဖော်ပြခဲ့ကြပါသည်။ စစ်ကြောရေးပြုလုပ်သူများက ကျွန်တော့်အား စစ်အစိုးရကို ဆန့်ကျင်သော ပြည်ပရောက် ဒီမိုကရေစီ ပါလီမန် (CRPH) ကိုယ်စားပြု ကော်မတီ၏ အဓိက ထောက်ခံသူနှင့် ဝါဒဖြန့်သူအဖြစ် တံဆိပ်တပ်ခဲ့ကြသည်။
ထို့အပြင်၊ အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၏ ဖုန်းအဆက်အသွယ်စာရင်းတွင် ကျွန်တော်၏အမည် သို့မဟုတ် ကလောင်အမည်ကို တွေ့ရှိပါကပင် ညှင်းပန်းနှိပ်စက်ခြင်းခံရကြောင်း ကျွန်တော့်အား ပြောကြားခဲ့ပါသည်။ အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ရသည့် လမင်းအိမ် ဟိုတယ်ကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အခါ ခေါင်းကို တတ်နိုင်သမျှ ရေအောက်မှာထားပြီး တစ်နာရီခန့် ရေကန်ထဲမှာပုန်းအောင်းနေခဲ့ရပါတယ်။ ဟိုတယ်ကို ဝင်ရောက်စီးနင်းပြီး မကြာခင်မှာပဲ ကျွန်တော့်ရဲ့ တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ တောင်ငူအာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွက် ထုတ်ပြန်ခဲ့သော ဖမ်း၀ရမ်းစာရင်းတွင် ပါဝင်နေခဲ့သော်လည်း ကံကောင်းစွာဖြင့်လွတ်မြောက်ခဲ့ပါသည်။
ထို့နောက် တောအုပ်များတွင်ပုန်းအောင်ပြီး ခြေလျှင်လျှောက်ကာ သူငယ်ချင်းတစ်ယောက်၏အကူအညီဖြင့် နယ်စပ်ကိုဖြတ်ကျော်ခဲ့ပါသည်။ ယခုအချိန်မှာ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းအာဏာပိုင်တွေရဲ့တင်းတင်းကြပ်ကြပ်စောင့်ကြည့်ခြင်းကိုခံနေရပါသည်။ ကျွန်တော်တို့သည် တရားမ၀င်နေထိုင်ရသည့်အတွက် အဖမ်းခံရလျှင်မြန်မာစစ်ကောင်စီထံသို့ ပြန်လည်ပေးပို့ခြင်းကိုခံရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ (၂၀၂၁) ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဆရာ၊ ဆရာမတွေ၊ အလုပ်သမားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ကျောင်းသားတွေနဲ့ တခြားသူတွေ လမ်းပေါ်ထွက် စုရုံးခဲ့ကြပါသည်။ Credit: စာရေးသူ။
ဒီအဖြစ်အပျက်တွေတစ်လျှောက် ကျွန်တော်ဘာတွေသင်ယူခဲ့ရလဲ။ အသက်ရှင်အောင်နေခြင်းသည် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကို ရင်ဆိုင်ရ သောအချိန်တွင် အဆုံးစွန်သောခံနိုင်ရည်ရှိခြင်း ဖြစ်သည်ကို ကျွန်တော်လေ့လာခဲ့ရပါသည်။ "ရန်သူက မင်းကိုသေစေချင်တဲ့အခါ မသေနိုင်ဘဲနေနေတာဟာ အောင်ပွဲတစ်ခုပါပဲ" ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအား စစ်ဆေးမေးမြန်းသူများနှင့် အကျဉ်းခန်းများလက်မှ လွတ်မြောက်စေရန် ဘေးကင်းလုံခြုံရေးကို ကြိုတင်လွန်ကဲစွာသတိထားမှုများကို လိုက်နာကြပါရန် တိုက်တွန်းလိုပါသည်။
ဗမာအများစု (စစ်အစိုးရကို ဖြုတ်ချဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့ကြသူများသည် အကြမ်းဖက်တော်လှန်ရေး) ကို ယုံကြည်နေချိန်မှာ ကျနော်ကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲကို ဆက်ပြီး တိုက်နေမှာပါ။ လက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ပတ်သက်မှုမရှိပါ။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားပါသည်။
ကျွန်တော်ရဲ့ နောက်ခြေလှမ်းတွေက ဘာဖြစ်မလဲ။ မြန်မာနိုင်ငံမှာ အဖိနှိပ်ခံ ပြည်သူတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရရှိအောင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။ နောင်တွင်ပြန်လည်ထူထောင်ရေး တရားစီရင်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်ပြီး စစ်အစိုးရလက်ထဲမှာ ဖြစ်ပျက်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်မှာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အ၀ ရရှိလက်ခံကျင့်သုံးသည့်တိုင်အောင် ကျွန်တော်၏တိုက်ပွဲသည်ရပ်တန့်မည်မဟုတ်ပါ။
နှောင်းအိမ်သင်
နှောင်းအိမ်သင် (ကလောင်အမည်) သည် မြန်မာနိုင်ငံ ပဲခူးတိုင်း တောင်ငူခရိုင်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ပြီး လက်ရှိတွင် တပ်မတော်၏ အလိုရှိစာရင်း(ဖမ်း၀ရမ်း)တွင် ပါဝင်နေပါသည်။ ယခင်က ကျောင်းသားခေါင်းဆောင်တစ်ဦးလဲဖြစ် ကျောင်းဆရာတစ်ဦးလဲဖြစ်ခဲ့ပြီး ယခုအခါတွင် တပ်မတော်မှ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက် ပြည်ပတွင် နေထိုင်နေသော အနုပညာရှင်၊ ကဗျာဆရာ၊ ဂီတပညာရှင် တစ်ဦးဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် သူ၏ အနုပညာအလုပ်အတွက် အဓိကဖြစ်သည်။ နှောင်းအိမ်သင်သည် ကျေးလက်ပညာရေးနှင့် စာကြည့်တိုက်များ ထူထောင်ရေးတို့ကိုလည်း ပံ့ပိုးကူညီခဲ့ပြီး တိုင်းပြည် ဒီမိုကရေစီ ထွန်းကားရေး အတွက် အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများဆောင်ရွက်ခဲ့သည်။
Amber French
သည် အကြမ်းမဖက်သော ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဗဟိုဌာနမှ အယ်ဒီတာချုပ်ဖြစ်ပြီး လက်ရှိ ပြင်သစ်နိုင်ငံ ပါရီတွင် အခြေစိုက်သည်။ 2014 ခုနှစ်တွင် ICNC သို့ဝင်ရောက်ခဲ့ပြီးကတည်းက Amber French သည် ICNC ၏ တည်းဖြတ်မှုနှင့် မီဒီယာပဏာမခြေလှမ်းများကို တီထွင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် ဦးဆောင်ခဲ့သည်။ Amber သည် Co-Editor ဖြစ်သည့် Minds of the Movement ဘလော့ဂ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ခဲ့သည်။ 2016 ခုနှစ်တွင် သူမသည် ကမ္ဘာတစ်ဝှမ်းရှိ လူထုခုခံမှုဆိုင်ရာ သတင်းစုစည်းမှုဆိုက်ဖြစ်သော Nonviolent Conflict News ဝဘ်ဆိုက်ကို စတင်ဖွင့်လှစ်ခြင်းကို ကြီးကြပ်ခဲ့သည်။ သူမသည် ယခုအချိန်အထိ အွန်လိုင်းနှင့် ပုံနှိပ်ထုတ်ဝေမှုများအတွက် စာအုပ်ကိုးအုပ်ကို ထုတ်လုပ်ထားပြီး ICNC Press ကိုလည်း စီမံခန့်ခွဲလျက်ရှိသည်။ ယခင်က၊ Amber သည် Migration Policy Institute ၏ Migration Information Source နှင့် UNESCO/Max Planck Institute New Diversities ဂျာနယ်၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
Hnoung Eain Thin (pen name) led the 2021 anti-coup protests in Taungoo District, Bago Division of Myanmar, for which he is currently on the Tatmadaw’s wanted list. Formerly a student leader and then a teacher, he is now an artist, a poet and a musician living in exile after the Tatmadaw’s brutal crackdown of the anti-coup protests. Democracy and human rights are central to his artistic work.
Read More
As a nonprofit leader and subject matter expert on wartime civic resistance, Amber French-Griette is leading work to fix a blind spot: unarmed civilian-based defense readiness to enhance autonomy and sustainability in European defense. Her work more broadly promotes a better understanding of strategic nonviolent conflict, an Anglo-saxon interdisciplinary field of study dating back to the 1960s. In 2025, she co-founded the Organization for Nonviolent Movements (ONM), a French think tank, and serves as ONM President.
Read More